ကာဗွန်မိုနောက်ဆိုဒ်အန္တရာယ် ကင်းဝေးရေး လက်ကမ်းစာစောင်

​ Download
​​

ကာဗွန်မိုနောက်ဆိုဒ်အန္တရာယ် ကင်းဝေးရေး လက်ကမ်းစာစောင်​

ကာဗွန်မိုနောက်ဆိုဒ်ဆိုတာ ဘာလဲ။

ကာဗွန်မိုနောက်ဆိုဒ်ဆိုတာ အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့တစ်မျိုးဖြစ်ပါတယ်။ ဒီဓာတ်ငွေ့ကို ရှူရှိုက်မိရင် နေထိုင်မကောင်းဖြစ်လာခြင်း၊၊ ဒါမှမဟုတ် အသက်ဆုံးရှုံးတာတွေ ဖြစ်နိုင်ပါတယ်။

ကာဗွန်မိုနောက်ဆိုဒ် ရှိ၊ မရှိ သိနိုင်ဖို့ ခက်ခဲပါတယ်။ ဒီဓာတ်ငွေ့ကို မမြင်ရ၊ အနံ့ခံလို့မရတဲ့အပြင် ကြားလည်း မကြားနိုင်ပါဘူး။​

ကာဗွန်မိုနောက်ဆိုဒ်ကြောင့် ဖျားနာမှု ဖြစ်နိုင်သူများ

ကာဗွန်မိုနောက်ဆိုဒ်ကြောင့် မည်သူမဆို ဖျားနာတာတွေ ဖြစ်နိုင်ပါတယ်။

လူတချို့ဟာ အခြားသူတွေထက် ပိုပြီး ဖျားနာတာတွေ ဖြစ်နိုင်ပါတယ်။ အဲ့ဒီလူတွေကတော့-

ကလေးသူငယ်များ

ကိုယ်ဝန်ဆောင်အမျိုးသမီးများ

သက်ကြီးရွယ်အိုများ

နှလုံးရောဂါကဲ့သို့ နာတာရှည်ရောဂါအချို့ ရှိသူများ

ကာဗွန်မိုနောက်ဆိုဒ်ကို တွေ့နိုင်သည့် နေရာများ

အောက်ပါပစ္စည်းတွေလိုမျိုး လောင်စာတွေ လောင်ကျွမ်းတဲ့အခါ ကာဗွန်မိုနောက်ဆိုဒ်တွေ ထွက်လာပါတယ် -

သဘာဝဓာတ်ငွေ့၊

ဓာတ်ဆီ၊

ထင်း၊

မီးသွေး၊

ကျောက်မီးသွေး။

အိမ်သုံးပစ္စည်း အများအပြားဟာ ဒီလောင်စာတွေကို လောင်ကျွမ်းစေပြီး ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့တွေ ထုတ်လွှတ်ပေးပါတယ်။

ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့တွေဟာ နေအိမ်ထဲမှာ လှောင်ပိတ်မိနေနိုင်ပါတယ်။ အထူးသဖြင့် တံခါးပေါက်တွေ၊ ပြတင်းပေါက်တွေ ပိတ်ထားတဲ့ အချိန်မျိုးမှာပါ။ ဒီလိုအခြေအနေမှာ ကာဗွန်မိုနောက်ဆိုဒ်ဟာ အန္တရာယ်ရှိတဲ့အဆင့်ထိ ရောက်လာပါတယ်။

မိမိကိုယ်တိုင်နဲ့ မိမိရဲ့မိသားစုကို ကာဗွန်မိုနောက်ဆိုဒ် အန္တရာယ် ကင်းဝေးအောင် နေထိုင်နည်း

အသားကင်၊ အကင်နဲ့ ပြင်ပ အပူပေးစက်များ

အသားကင်မီးဖို၊ အကင်ဖိုနဲ့ ပြင်ပဓာတ်ငွေ့ အပူပေးစက်တွေကို အိမ်ထဲကို ယူဆောင်လာတာတွေ မလုပ်ပါနဲ့။ ဒါတွေက နေအိမ်ပြင်ပမှာ အသုံးပြုဖို့အတွက်သာ ဖြစ်ပါတယ်။ ဒီပစ္စည်းတွေဟာ သဘာဝဓာတ်ငွေ့၊ ထင်းနဲ့ မီးသွေး (မီးသွေးလုံး၊ ဒါမှမဟုတ် မီးသွေးတောင့်) လိုမျိုး လောင်စာတွေကို လောင်ကျွမ်းစေပါတယ်။

ဒီအရာတွေကို နေအိမ်အတွင်းမှာ အသုံးပြုမယ် ဆိုရင် ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့တွေဟာ အန္တရာယ်ရှိတဲ့ ပမာဏအထိ မြန်မြန်ဆန်ဆန် မြင့်တက်လာစေနိုင်ပါတယ်။

ပစ္စည်းတစ်ခုခုကို နေအိမ်ထဲမှာ အသုံးပြုရမှာလား၊ အိမ်ပြင်ပမှာ အသုံးပြုရမှာလားဆိုတာ သိရှိနိုင်ဖို့ ပစ္စည်းအသုံးပြုမှုဆိုင်ရာ လမ်းညွှန်ချက်ကို ဖတ်ကြည့်နိုင်ပါတယ်။

ဓာတ်ဆီစက်

ပြတင်းပေါက်တွေ၊ တံခါးတွေကို ဖွင့်ထားတယ်ဆိုရင်တောင် နေအိမ်ထဲမှာ၊ ဒါမှမဟုတ် ကားဂိုဒေါင်ထဲမှာ ဓာတ်ဆီအင်ဂျင်ပါတဲ့ ပစ္စည်းတွေကို အသုံးမပြုပါနဲ့။

ဓာတ်ဆီအင်ဂျင်ပါတဲ့ ပစ္စည်းအချို့မှာ -

ကားနဲ့ လှေများ

ဖိအားသုံး ဆေးကြောစက်များ

ကွန်ကရစ်လွှများ

မီးစက်များ

ဓာတ်ငွေ့သုံး အပူပေးစက်

အိမ်ထဲမှာ ဓာတ်ငွေ့သုံးအပူပေးစက်ကို အသုံးပြုမယ်ဆိုရင်

ဒီအပူပေးစက်ကို နေအိမ်ထဲမှာ အသုံးပြုလို့ ရ၊ မရ သေချာသိရအောင် အသုံးပြုမှုလမ်းညွှန်ကို စစ်ဆေးကြည့်ပါ။

ဒီဓာတ်ငွေ့သုံးအပူပေးစက်ကို မှတ်ပုံတင်ထားတဲ့ ဓာတ်ငွေ့သုံးစက်ပြင်ဆရာနဲ့ အနည်းဆုံး (၂) နှစ်တစ်ကြိမ် စစ်ဆေးပါ။

ကာဗွန်မိုနောက်ဆိုဒ် ပမာဏ စတင် မြင့်တက်လာပြီဆိုရင် သတိပေးနိုင်ရေးအတွက် ကာဗွန်မိုနောက်ဆိုဒ် အချက်ပြကိရိယာတပ်ဆင်ဖို့ စဉ်းစားပါ။ ကာဗွန်မိုနောက်ဆိုဒ် အချက်ပြ ကိရိယာဟာ မီးခိုးငွေ့အချက်ပြကိရိယာနဲ့ မတူပါဘူး။

ကာဗွန်မိုနောက်ဆိုဒ် အချက်ပြကိရိယာ တပ်ဆင်နည်း

မိမိရဲ့နေအိမ်မှာ ကာဗွန်မိုနောက်ဆိုဒ် အချက်ပြကိရိယာ တပ်ဆင်ဖို့ ဆုံးဖြတ်ထားတယ် ဆိုရင် အောက်ပါအချက်တွေကို လုပ်ဆောင်သင့်ပါတယ် -

အမေရိကန်ရှိ (UL2034) ဒါမှမဟုတ် ဥရောပရှိ (EN50291) စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ကာဗွန်မိုနောက်ဆိုဒ်အချက်ပြကိရိယာကို ရွေးချယ်ပါ။

ကာဗွန်မိုနောက်ဆိုဒ် အချက်ပြကိရိယာတွေကို နေအိမ်ထဲမှာရှိတဲ့ အိပ်ခန်းအားလုံးနဲ့ ဓာတ်ငွေ့သုံး အပူပေးစက်တပ်ထားတဲ့ အခန်းအားလုံးမှာ တပ်ဆင်ပါ။

ကာဗွန်မိုနောက်ဆိုဒ် အချက်ပြကိရိယာ တပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနဲ့ အသုံးပြုခြင်းတွေမှာ လမ်းညွှန်ချက်တွေကို လိုက်နာပါ။

ကာဗွန်မိုနောက်ဆိုဒ်ကြောင့် တစ်စုံတစ်ယောက် ဖျားနာနေရင် သိရှိနိုင်မည့် နည်းလမ်းများ

ကာဗွန်မိုနောက်ဆိုဒ်ကြောင့် ဖြစ်တတ်တဲ့ ဖျားနာမှု ရောဂါလက္ခဏာတွေကို သိရှိထားတာက အသုံးဝင်ပါတယ်။

ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့တွေကို ပိုပြီး ရှူသွင်းမိလေ ရောဂါလက္ခဏာတွေ ပိုမိုဆိုးရွားလာလေ ဖြစ်ပါတယ်။

ဓာတ်ငွေ့ပမာဏ အနည်းငယ် ရှူရှိုက်မိလျှင် အောက်ပါတို့ကို ဖြစ်စေနိုင်ပါတယ် -

ခေါင်းကိုက်ခြင်း၊

ကိုယ်လက် မအီမသာဖြစ်ခြင်း၊

အော့အန်ခြင်း၊

အားနည်းသလို ခံစားရခြင်း။

ဓာတ်ငွေ့ပမာဏ အများအပြားကို ရှူရှိုက်မိလျှင် အောက်ပါတို့ကို ဖြစ်စေနိုင်ပါတယ် -

မူးဝေသလို ခံစားရခြင်း၊

မူးမေ့မလိုဖြစ်ခြင်း၊

သတိလစ်မေ့မြောခြင်း၊

နာတာရှည် ဦးနှောက်ဒဏ်ရာ ရရှိပြီး အသက်ဆုံးရှုံးခြင်း။

ကာဗွန်မိုနောက်ဆိုဒ်ကြောင့် တစ်စုံတစ်ယောက် ဖျားနာနေပါက လုပ်ဆောင်ရမည့် နည်းလမ်းများ

တစ်စုံတစ်ယောက် မူးဝေနေရင်၊ ဒါမှမဟုတ် မူးမေ့မလိုဖြစ်နေရင်၊ ဒါမှမဟုတ် သတိလစ် မေ့မြောသွားရင် အရေးပေါ် ဖုန်းနံပါတ် သုညသုံးလုံး (000) ကို ဖုန်းခေါ်ဆိုပါ။

တစ်စုံတစ်ယောက်ဟာ ခေါင်းကိုက်တာ၊ ကိုယ်လက် မအီမသာဖြစ်တာ၊ အော့အန်တာ ဒါမှမဟုတ် အားနည်းသလို ခံစားရတာတွေဖြစ်ရင် -

လူတိုင်း အိမ်ပြင်ထွက်ပြီး လေကောင်းလေသန့်ရှုပါ။

အဆိပ်သင့်မှုဆိုင်ရာ သတင်းအချက်အလက်ဌာန (Poisons Information Centre) ရဲ့ ဖုန်းနံပါတ် 13 11 26 ဆီကို ဖုန်းခေါ်ဆိုပြီး အချိန်မရွေး အကြံဉာဏ် တောင်းခံနိုင်ပါတယ်။

စကားပြန်အကူအညီ လိုအပ်ရင် စကားပြန်ဝန်ဆောင်မှု (TIS) ဖုန်းနံပါတ် 131 450 ကို ဖုန်းခေါ်ဆိုပြီး အဆိပ်သင့်မှုဆိုင်ရာ သတင်းအချက်အလက်ဌာန (Poisons Information Centre) ထံ ဖုန်းခေါ်ဆိုပေးရန် တောင်းဆိုပါ။​

ပို၍သိရှိလိုပါက -

မိမိရဲ့နေအိမ်ကို ဘေးကင်းလုံခြုံအောင် ထားနိုင်မယ့် အချက်အလက်တွေကို ပိုမို လေ့လာသိရှိနိုင်ဖို့ အောက်ဖော်ပြပါ ဝက်ဘ်ဆိုက်တွေကို ဝင်ရောက်ကြည့်ရှုပါ -

Energy.gov.au – Household guide for winter (အိမ်ထောင်စုများအတွက် ဆောင်းရာသီဆိုင်ရာ လမ်းညွှန်ချက်)​

Energy.gov.au – Heating and cooling (အပူပေးစနစ်နှင့် အအေးပေးစနစ်)​

YourHome.gov.au – Heating and cooling (အပူပေးစနစ်နှင့် အအေးပေးစနစ်)​

Current as at: Thursday 28 August 2025
Contact page owner: Environmental Health