ဝဲနာရောဂါသည် ကမျဥ်းနီပိုးများကြောင့်ဖြစ်သော အရေပြားကူးစက်ရောဂါဖြစ်ပြီး အလွန်ကူးစက်လွယ်ကာ ပြင်းထန်သော ယားယံခြင်းကို ဖြစ်စေနိုင်သည်။ ၎င်းကို ဆေးဝါး (လိမ်းဆေးရည် သို့မဟုတ် ဆေးပြား) ဖြင့် ကုသရသည်။ ဝဲနာရောဂါ ထပ်မံမပြန့်ပွားစေရန် အိမ်ထောင်စုတစ်ခုလုံးကို တစ်ချိန်တည်းတွင် ကုသရန်နှင့် ကမျဥ်းနီပိုးများ သို့မဟုတ် ၎င်းတို့၏ ဥများ တွဲကပ်ရှိနေနိုင်သည့် အိမ်သုံးပစ္စည်း အားလုံးကို သန့်ရှင်းသုတ်သင်ပစ်ရန် အရေးကြီးပါသည်။
ဝဲနာရောဂါသည် ဝဲပိုး (Sarcoptes scabiei) ဟုခေါ်သော သေးငယ်သော ကမျဥ်းနီပိုးများကြောင့် ဖြစ်ပွားစေသော အရေပြားရောဂါတစ်မျိုးဖြစ်သည်။ ကမျဥ်းနီပိုးများသည် အရေပြားအောက်တွင် လှိုင်ခေါင်းတူး၍နေထိုင်ကာ ဥများကို အုကြသည်။
ဝဲနာရောဂါရှိသူ၏ အရေပြားနှင့် ကြာရှည်စွာ ထိတွေ့ခြင်းဖြင့် ဝဲနာရောဂါ ကူးစက်ပျံ့နှံ့သည်။ များသောအားဖြင့် တစ်အိမ်တည်း အတူနေသူများအကြား ဖြစ်ပွားကြသည်။ ဝဲနာရောဂါသည် အိပ်ယာခင်း၊ ကိုယ်သုတ်ပဝါများနှင့် အဝတ်အစားများကို အတူသုံးစွဲခြင်းဖြင့်လည်း ကူးစက်နိုင်သည် သို့သော် ကူးစက်မှု နည်းပါးပါသည်။
ဝဲနာရောဂါရှိသူများတွင် အောက်ပါလက္ခဏာများ ရှိနိုင်သည်-
ဝဲနာရောဂါ၏ လက္ခဏာများသည် ကမျဥ်းနီပိုးများနှင့် ဓာတ်မတည့်မှုကြောင့် သာမန်အားဖြင့် ဖြစ်ပွားပါသည်။ ထို့ကြောင့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာရန် ၆ ပတ်မျှ အချိန်ကြာရခြင်းဖြစ်နိုင်ပါသည်။ အကယ်၍ သင့်တွင် ယခင်က ဝဲနာရောဂါရှိခဲ့ပါက ရောဂါလက္ခဏာများမှာ ၁-၄ ရက်အတွင်း ပိုမိုစောစွာ သာမန်အားဖြင့် ပေါ်လာပါမည်။
ဝဲနာရောဂါကို မည်သည့်နောက်ဆက်တွဲ ရောဂါမျှ မပေါ်ပေါက်ဘဲ သာမန်အားဖြင့် ကုသပေးနိုင်ပါသည်။ သို့သော် ကုတ်ခြစ်ခြင်းကြောင့် အရေပြား ပေါက်ပြဲသွားနိုင်ပြီး အခြားရောဂါပိုးများ ကူးစက်လာစေနိုင်ကာ ခန္ဓာကိုယ်၏ကျန်အစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်ကာ နှလုံးနှင့် ကျောက်ကပ်ဆိုင်ရာ ပြဿနာများဖြစ်စေနိုင်သည်။
ဝဲနာရောဂါကို ရောဂါဖော်ထုတ်ပေးရန် ခက်ခဲနိုင်သည်။ သင့်တွင် ဝဲနာရောဂါ (scabies) ရှိမရှိ သိရှိရန် အကောင်းဆုံးနည်းလမ်းမှာ သင့်ဆရာဝန်နှင့် ပြသရန်ဖြစ်သည်။ ၎င်းတို့သည် ဝဲနာရောဂါဆိုင်ရာ သင်္ကေတများနှင့် ရောဂါလက္ခဏာများကို စစ်ဆေးပေးနိုင်ပါသည်။ တစ်ခါတစ်ရံ ဆရာဝန်သည် စစ်ဆေးရန် အရေပြား စမ်းသပ်မှုလုပ်သော်လည်း ရလဒ်များသည် အမြဲတမ်းအားဖြင့်တော့ တိကျသည် မဟုတ်ပါ။
အိမ်ရှိ ဝဲနာရောဂါရှိသူ၊ ထိတွေ့မှုရှိသူများကို ကုသပေးရန်နှင့် နောက်ထပ် ရောဂါပျံ့နှံ့မှုကို တားဆီးရန် ကမျဥ်းနီပိုးများ သို့မဟုတ် ၎င်းတို့၏ဥများ တွဲကပ်နေနိုင်မည့် အိမ်သုံးပစ္စည်းများကို သန့်ရှင်းသုတ်သင်ပေးရန် အရေးကြီးပါသည်။
ဝဲနာရောဂါရှိသူတစ်ဦးသည် ယားယံခြင်းကဲ့သို့ လက္ခဏာများ မဖြစ်ပွားမီမှာပင် အခြားသူများသို့ ရောဂါကူးစက်စေနိုင်ပါသည်။ ၎င်းတို့သည် ကမျဥ်းနီပိုးများနှင့် ၎င်းတို့၏ ဥများကို သုတ်သင်သတ်ပစ်မည့် ကုသမှု စတင်ပြီးနောက် ၂၄ နာရီ မပြည့်မချင်း သာမန်အားဖြင့် ရောဂါကူးစက်စေနိုင်သည်။
ဝဲနာရောဂါ ကုသမှုတစ်စုံတစ်ရာ ကုသခြင်းမပြုမီ ဆရာဝန်နှင့်ပြသရန် အရေးကြီးပါသည်။ ၎င်းသည် နို့စို့ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများနဲ့ အရေပြားရောဂါရှိသူများအတွက် အထူးသဖြင့် အရေးကြီးပါသည်။
ဝဲနာရောဂါကုသမှုသည် သာမန်အားဖြင့် အရေပြားပေါ် လိမ်းပေးရသော လိမ်းဆေးရည် (၅% ပါမစ်ထရင် လိမ်းဆေးရည်) သို့မဟုတ် ဆေးပြား (အိုင်ဗာမက်တင်) ဖြစ်ပါသည်။ ပါမစ်ထရင် ကိုဆေးဆိုင်မှ ဝယ်ယူနိုင်သော်လည်း အိုင်ဗာမက်တင် ကိုဝယ်ယူရန်အတွက် ဆရာဝန်၏ ဆေးညွှန်းစာ လိုအပ်ပါမည်။ ဝဲနာရောဂါ ကုသမှု (၇) ရက် ဆက်တိုက်ပြုလုပ်ပါ။
ကုသမှု ပြီးမြောက်အောင်မြင်သည့်တိုင်အောင်ပင် ကုသပြီးနောက် တစ်လအထိ ဆက်လက် ယားယံနိုင်ပါသည်၊ ကုသပြီးနောက် ၄ ပတ်ထက်ကျော်လွန်၍ ယားယံနေသေးပါက ဆရာဝန်နှင့် ပြသပါ။
လိင်ဆက်ဆံသူများ အပါအဝင် လွန်ခဲ့သည့်လအတွင်း အိမ်သူအိမ်သားများနှင့်တကွ နီးကပ်စွာထိတွေ့ခဲ့သူအားလုံးကို တစ်ချိန်တည်းတွင် ဝဲနာရောဂါ ကုသပေးပါ။ ၎င်းတို့တွင် ရောဂါလက္ခဏာ တစ်စုံတစ်ရာ မပြသသည့်တိုင်အောင်ပင် ကုသပေးပါ။
ကုသမှုမစတင်မီ ၃ ရက်အတွင်း ဝဲနာရောဂါရှိသူ အသုံးပြုခဲ့သော အိပ်ယာခင်း၊ မျက်နှာသုတ်ပုဝါနှင့် အဝတ်အထည်များကို ရေအပူ (အနည်းဆုံး ၅၀ ဒီဂရီစင်တီဂရိတ်) ဖြင့် လျှော်ဖွတ်ပါ။ လျှော်ဖွတ်၍မရနိုင်သော အရာပစ္စည်းများကို အလုံပိတ် ပလပ်စတစ်အိတ်အတွင်း ကမျဥ်းနီပိုးများနှင့် ၎င်းတို့၏ဥများ သေသွားစေရန် ၈ ရက်ထည့်ထားပါ။ မွေ့ယာများ၊ ပျော့ပျောင်းသောပရိဘောဂများနှင့် ကြမ်းပြင်များကို ဖုန်စုပ်ပေးပါ။
ဝဲနာရောဂါ ထပ်မံဖြစ်ပွားခြင်းကိုဟန့်တားရန်နှင့် အခြားသူများသို့ ဝဲနာရောဂါကူးစက်ခြင်းကိုဟန့်တားရန်၊ အရေးကြီးသည်မှာ-
ကူးစက်ခံရနိုင်ပါသည်၊ သင်သည် ဝဲနာရောဂါအပေါ် ကိုယ်ခံအား ရှိလာမည် မဟုတ်ပါ။ ရောဂါထပ်မံ ပြန့်ပွားမှုကို ဟန့်တားရန် အိမ်သူအိမ်သားများနှင့်တကွ အနီးကပ်ထိတွေ့သူများကို တစ်ချိန်တည်းတွင် ကုသပေးရန် အရေးကြီးပါသည်။
လူတွင်ဖြစ်ပွားသော ဝဲနာရောဂါသည် တိရစ္ဆာန်များတွင် မရှင်သန်နိုင်ပါ။ ဆိုလိုသည်မှာ လူတွင်ဖြစ်ပွားသော ဝဲနာရောဂါကို သင့်အိမ်မွေးတိရစ္ဆာန်ထံသို့ မကူးစက်နိုင်ဟု ဆိုလိုသည်။ အလားတူပင် တိရစ္ဆာန်များထံမှ အခြားသော ကမျဥ်းနီပိုး မျိုးစိတ်များသည် လူတွင် မပေါက်ပွားနိုင်ဘဲ ဆက်လက်၍ ရောဂါပြန့်ပွားခြင်း မဖြစ်ပါ။
ဝဲနာရောဂါသည် NSW တွင် အမိန့်ကြော်ညာစာထုတ်ရန် လိုအပ်သောရောဂါ မဟုတ်ပါ။
ဝဲနာရောဂါဖြစ်ပွားမှုများကို NSW Health (နယူးဆောက်ဝဲလ် ကျန်းမရေး) သို့ အသိပေးအကြောင်းကြားရန် မလိုအပ်ပါ။
သင့်ဆရာဝန်ကို ဆက်သွယ်ပါ သို့မဟုတ် အခမဲ့ ကျန်းမာရေးသတင်းအချက်အလက်၊ အကြံဉာဏ်နှင့် ဆရာဝန်ရှာဖွေရန်အကူအညီ အတွက် healthdirect ဖုန်း 1800 022 222 ( ၂၄ နာရီ တစ်ပတ် ၇ ရက်) သို့ဆက်သွယ်ပါ။